အာရုံကြော အားနည်းနေပြီဆိုတာကို အသိပေးနေတဲ့ အချက်များ
အာရုံကြောစနစ်ဆိုတာက ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှု စနစ်ကြီးပေါ့။ စိတ်ခံစားမှုကစလို့ ရွှေ့လျားမှုအဆုံး အကုန်လုံးကို ထိန်းချုပ်ထားတာပါ။ ဒီလို ခန္ဓာကိုယ်ရဲ့ သိရှိခံစားမှုတွေနဲ့ လှုပ်ရှားမှု အားလုံးကို ထိန်းချုပ်ထားတဲ့ အာရုံကြောစနစ်ကလည်း အားနည်းတာ နေမကောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
တစ်ခုရှိတာက အာရုံကြောစနစ်မှာ အားနည်းနေတယ်ဆိုရင် လက္ခဏာတွေက သိရှိဖို့ ခက်ခဲနေတတ်ပြီး အခြားသော လက္ခဏာတွေနဲ့ မှားယွင်းနေတတ်ပါတယ်။ ဒီလိုနဲ့ ရောဂါ အခြေအနေတွေက မပြင်းထန်သင့်ဘဲ ပြင်းထန်ကုန်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး သိရှိကျော်ဖြတ်နိုင်စေဖို့အတွက် အာရုံကြော အားနည်းနေရင် ဘယ်လိုအချက်ပြတတ်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
အာရုံကြော အားနည်းနေပြီဆိုရင်
ကြွက်သားတွေ သန်မာမှု အားနည်းလာတာ - အာရုံကြောအားနည်းလာပြီဆိုရင်တော့ ကြွက်သားတွေ သန်မာမှု အားနည်းလာပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေ အရင်ကလောက် မသန်မာတော့ဘဲ အားနည်းလာသလို ခံစားရမှာပါ။
ခေါင်းကိုက်မယ် - ခေါင်းကိုက်တာက အဖြစ်များတဲ့ အာရုံကြောအားနည်းမှု လက္ခဏာ တစ်ရပ်ပါ။ ခေါင်းထဲက နာသလိုလို ဇက်ကြောက လှုပ်လို့မရလောက်အောင်ကို နာနေတာမျိုး ခံစားရနိုင်ပါတယ်။
မေ့တတ်လာမယ် - သတိမေ့တတ်တာက အသက်အရွယ်ကြီးရင့်တာကြောင့် ဖြစ်နိုင်သလို မူးယစ်ဆေး အလွဲသုံးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာရုံကြောအားနည်းတာက အချိန်ကြာလာတာနဲ့အမျှသတိမေ့တတ်လာပါတယ်။
ထုံကျဉ်မယ် - အာရုံကြောတွေ အားနည်းလာတာ အချိန်ကြာလာတာနဲ့အမျှ ထုံကျဉ်တာ၊ တဆစ်ဆစ် နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ထုံကျဉ်မှုကို ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
နောက်ကျောနာကျင်မယ် - အာရုံကြော အားနည်းလာတာက အချိန်ကြာလာတဲ့အခါ အာရုံကြောတွေကို ထိခိုက်စေပြီး နောက်ကျော နဲ့ ခါးနာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။
ကြွက်သားတွေ တောင့်တင်းမယ် - ကြွက်သားတွေက အမြဲလိုလို တောင့်တင်းနေပြီး သွေးကြောတွေပေါ်မှာ ဖိအားတွေ အများကြီး သက်ရောက်ပြီး ကြွက်သားတွေဆီ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ ရောက်ရှိမှု နည်းသွားပြီး ကြွက်သားတွေ တောင့်တင်းတာမျိုးကို ခံစားရနိုင်ပါတယ်။
အမြင်ဝေဝါးမယ် - မျက်လုံး အာရုံကြောတွေက ဦးနှောက်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာပါ။ အာရုံကြော အားနည်းတာက အမြင်အာရုံတွေကို ဝေဝါးစေနိုင်သလို အမြင် ၂ ထပ် ဖြစ်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေ ရှိပြီဆိုရင်တော့ အာရုံကြော အားနည်းနေပြီ ဖြစ်တာကြောင့် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။
မွန်မွန်